
Romeo + Juliet (1996) IMDb Rating (6.7) / Rotten Tomatoes (72 %) အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့ မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ” Romeo must die “လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ဒီနေ့ထိတိုင် ဟောင်းမသွားသေးတဲ့ ရိုမန့်ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ပြန်အသက်သွင်းထားပေမဲ့ ရှိတ်စပီးယားရဲ့ ပြဇာတ်ကစကားတွေအကုန်ယူသုံးထားပါတယ်။ ဒါကလည်း ဒီကားရဲ့ တစ်မူထူးခြားချက်ပါပဲ။ သုံးထားတဲ့ မင်းသားကလည်း Leonardo ဖြစ်နေတဲ့အပြင် Juliet နေရာက Claire Danes ရဲ့ နတ်သက်ကြွေတဲ့ အလှကြောင့်ပါ အတော်ရုပ်လုံးကြွတဲ့ Characterတွေ ဖြစ်လာပါတယ်။ ဒီ Versionက Romeo Juliet တွေထဲ ကျွန်တော့်အကြိုက်ဆုံး version ဆိုလည်းဟုတ်ပါတယ်။ ကမ္ဘာကြီးက Romantic မဆန်ပါဘူး ချစ်သူတွေကပဲ ကမ္ဘာကြီးကို Romantic ဆန်စေခဲ့တာပါ။ ဟိုးငယ်ငယ်တုန်းကတော့… ဒီဇာတ်လမ်းရဲ့ Endingကို Sad Ending လို့ ကျွန်တော်ထင်မှတ်ဖူးခဲ့ပေမဲ့ သေချာတွေးကြည့်မိရင် မလွယ်ကူတတ်တဲ့ ဒီလိုကမ္ဘာကြီးမှာ လူနှစ်ယောက်အပြန်အလှန် အဆုံးမဲ့ချစ်ရဲပြီးတဲ့နောက် သူတို့ရဲ့ ဖြစ်တည်မှု အဓိပ္ပါယ်တစ်စုံတစ်ရာရပြီးတဲ့နောက် အတူတူအဆုံးသတ်ခဲ့ရခြင်းကို Sad Ending လို့ကျွန်တော် မဆိုချင်တော့ပါဘူး။ ကဗျာတစ်ပုဒ်ထဲကလိုပါပဲ.. “အနုပညာမှာ..ဘဝမှာ…အချစ်မှာ… အဆုံးသတ်ရန်တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။” (ရုပ်ရှင်အညွှန်းကို ဝီရအောင်မှရေးသားပြီး ဘာသာပြန်ကို Demon မှ တင်ဆက်ထားပါတယ်။)