
ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။ အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ် ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ် “မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။ သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။ သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ် ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။ အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့ အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း ကားသူခိုးဂိုဏ်းလူမိုက်တွေကြား (ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့ ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။