
Jail (2009) “ဘဝတစ်ကွေ့” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကားပြော ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ ဒါပေမဲ့ တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။ လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)