
Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 720p | 890MB | Download | |
| 720p | 890MB | Download | |
| 720p | 890MB | Download | |
| 720p | 890MB | Download | |
| 720p | 890MB | Download |