
Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။