
ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က ကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမ လင်ဒါစင်ကလဲရား ဖြစ်ပါတယ်။ သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။ စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကို သူ့ဘဝရဲ့ အဖော်မွန်အဖြစ် သဘောထားတဲ့သူပါ။ ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲ နေထိုင်နေပါတယ်။ ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်း မတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီး စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။ တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်က ဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေ ထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။ သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့ လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲ ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။