
Confess, Fletch (2022) ================= IMDb Rating – 6.5/10 ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။ မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့ ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ရဲတွေကလည်း ဖလက်ချ်ကို သံသယဝင်သော်လည်း ဖမ်းစရာသက်သေမရလို့ မဖမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ သတင်းထောက်ဗီဇပါတဲ့ ဖလက်ချ်လည်း လူသတ်မှုကိုရော ပန်းချီကားပျောက်မှုကိုရော လိုက်လံစုံစမ်းပါတော့တယ်။ ထိုသို့ စုံစမ်းရင် ကြုံတွေ့ရတဲ့ အရာများကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမှာမို့ လက်မလွတ်စတမ်း ကြည့်သင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)