
Chilli Chicken (2024) “ပူစပ်စပ် ဘ၀ခါးခါး” အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို စိတ်၀င်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “Chilli Chicken” ဆိုတာ အိန္ဒိယမှာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်ဟင်းကို ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းနာမည်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို အဲဒီလို မတူညီတဲ့အရာတွေ ပေါင်းစပ်မှုအဖြစ် တင်စားမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒေသခံတစ်ယောက်ပိုင်တဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ကြတဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀အဖုံဖုံ၊ နေ့စဉ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို အခြေခံရိုက်ကူးထားတာပါ။ လုပ်သားတွေရဲ့ဘ၀ ခက်ခဲရတဲ့ကြားထဲ သူတို့လုပ်နေတဲ့ဆိုင်ကလည်း အခြေအနေသိပ်ကောင်းလှတာမဟုတ်ပါဘူး။ ရှေ့ဆက်ဖို့ အတော်လေးရုန်းကန်နေရတဲ့ အနေအထားပါ။ အဲဒါကြောင့် အခက်အခဲကြားကနေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အလှည့်အပြောင်းတွေနဲ့ ဒရာမာဇာတ်လမ်းဆိုပေမဲ့ ဟာသလေးတွေပါ နှောထားတာမို့ ပျင်းစရာမဟုတ်ဘဲ ခပ်မြူးမြူးလေး ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)