
A Nice Indian Boy (2024) “အလိမ္မာအိမ်ပါ အမေ့သမက် ” လူနှစ်ဦးကြားက အချစ်ဆိုတာဟာ အသားရောင်မရွေး၊ လူမျိုးမရွေး၊ ကျား/မ မရွေးဖြစ်ပေါ်လာနိုင်တာမျိုးပါ။ ဒါကြောင့်မို့ ဒီတစ်ခါမှာတော့ အချစ်ဇာတ်လမ်းများစွာထဲက လူမျိုးမတူ၊ ဓလေ့မတူဘဲ ချစ်မိသွားကြတဲ့ လိင်တူချစ်သူနှစ်ဦးအကြောင်း ဟာသနဲ့ဒရာမာ နှောထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာဗင်းဆိုတဲ့ အိန္ဒိယလူမျိုးဆရာ၀န်လေးဟာ ဂေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်လက်ခံထားသလို မိဘတွေကလည်း သိရှိထားပြီးသားပါ။ အမျိုးတစ်ယောက်မင်္ဂလာဆောင်တိုင်း နောက်တစ်ခါမင်းအလှည့်ပေါ့လို့ အမြဲအပြောခံရတတ်တဲ့ နာဗင်းတစ်ယောက် ကောင်လေးတစ်ယောက်နဲ့အတူတွဲထွက်ရမဲ့ သူ့မင်္ဂလာဆောင်ကို အမြဲမြင်ယောင်ကြည့်တတ်ပါတယ်။ တစ်နေ့တော့ သူတို့ဆေးရုံမှာ ဓာတ်ပုံလာရိုက်ပေးတဲ့ လူဖြူကောင်လေးဂျေးနဲ့ ဆုံဆည်းမိပြီး ချစ်သူဘ၀ ရောက်ရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ နာဗင်းတစ်ယောက် သူ့ရဲ့လူဖြူကောင်လေးကို မိဘတွေနဲ့ ဘယ်လိုမိတ်ဆက်ပေးမလဲ၊ အိန္ဒိယအသိုင်းအဝိုင်းထဲ ဘယ်လိုခေါ်သွင်းလာမလဲ၊ သားသမီးတွေရဲ့အိမ်ထောင်ရေးမှာ အိန္ဒိယလူရည်မွန်လေးဖြစ်ရေးကို အသားပေးတတ်တဲ့ နာဗင်းရဲ့အမေကရော လက်ခံပေးပါ့မလား၊ သူတို့နှစ်ဦးရဲ့အချစ်ခရီး ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ… ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)